ဂျပန်နိုင်ငံတွင် မြို့တော်ဒေသ၁ ခု၊ ဒေသဆိုင်ရာစီရင်စု ၁ခု၊ မြို့ပြစီရင်စု၂ခု၊ ခရိုင်၄၃ခု (Todoufuken) ရှိပြီး၊ ဒေသအလိုက် ဒေသိယစကားများကို ပြောဆိုကြပါသည်။ ဒေသိယစကားများ၏ နယ်ပယ်ခွဲခြားပုံသည် သုတေသနပညာရှင် တစ်ဦးချင်းစီအလိုက် ကွဲပြားကြသော်လည်း၊ အကြမ်းဖျဉ်းအားဖြင့်「အရှေ့ဘက် ဒေသစကား(Tohoku)」「အနောက်ဘက်ဒေသစကား (Saibu)」「ကျူးရှူးဒေသစကား(Kyushu)」「 ရယူးကျူးဒေသစကား (Ryukyu)」ဟူ၍ ခွဲခြားကြပါသည်။။ ဂျပန်ဘာသာ၏ စံဘာသာစကားကိုမူ မေဂျီခေတ် (1868နှစ်-) နောက်ပိုင်းမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်မတိုင်ခင်အထိ ဒေသိယစကားများကိုသာ အသုံးပြုခဲ့ကြပါသည်။ မေဂျီခေတ်ထဲဝင်လာပြီးနောက်၊ နိုင်ငံတစ်နိုင်ငံလုံး တူညီစွာ အသုံးပြုသော ဘာသာစကား လိုအပ်လာသည့်အတွက်၊ တိုကျိုဒေသစကားသည် စံဘာသာစကားဖြစ်လာခဲ့ပါသည်။ ဒေသိယစကားအလိုက် ဖော်ပြပုံ၊ စကားသံစဉ်၊ လေယူလေသိမ်း၊ အသံအနိမ့်အမြင့် ကွာခြားမှုရှိကြပါသည်။ ကြာရှည်သော သမိုင်းကြောင်းအတွင်း ဖွံ့ဖြိုးလာခဲ့သော ဒေသိယစကားများသည် ဂျပန်ဘာသာစကား၏ ကြွယ်ဝမှုကို ဖော်ပြလျက်ရှိပါသည်။